နမ့်စန်(တ) ဇွန် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုခွဲမဲနှိုက်ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းကျော်နှင့် အခြေခံပညာနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဦးဝင်းကျော်က ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းက ဘောလုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက်နှင့် အသက်(၁၈)နှစ်အောက် အမျိုးသားနှင့်အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲခြင်းကိုမဲနှိုက်၍ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယားရေးဆွဲခဲ့ကြသည်။
အဆိုပါ ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ် အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇွန်လ နောက်ဆုံးပတ်တွင် စတင်ကျင်းပမည်ဖြစ်ကာ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အမျိုးသား(၁၆)သင်း၊ အမျိုးသမီး(၇)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင် အသင်း(၂၃)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)