မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဇွန် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့နံနက် ၈ နာရီက မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စု၊ အောင်သံလွင်ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင်   နယ်မြေကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်ရေးမှူး ဦးကျော်မြင့်လှိုင်၊ မက်မန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အောင်သံလွင်ကျေးရွာရှိ ရမ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ မိမိတို့ဌာနအလိုက် လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး အောင်သံလွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ၊ မြို့နယ်အတွင်းရှိဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဒေသအတွင်းဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဒေသခံတောင်သူများအား အိမ်မွေးတိရစ္ဆာန်မွေးမြူရာတွင် ခြံလှောင်စနစ်ဖြင့်စနစ်တကျမွေးမြူစေရေး၊ ရာသီအလိုက်ကျရောက်တက်သော တိရိစ္ဆာန်ရောဂါများနှင့်ကြိုတင်ကာကွယ်ကုသရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေး၊ ပညာရေးအစရှိသည့် ကဏ္ဍများအလိုက် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတိုးသူရအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက အောင်သံလွင်ကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသား (၇၀) ဦးတို့ကို တစ်ဦးချင်းအလိုက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကာလိုအပ်သည့်ဆေးဝါများ ပေးအပ်ခဲ့ပါသည်။ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးကျောင်မြင့်လှိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်တို့က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)