ဒလမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပ​ဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ဖွင့်လှစ်

ဒလ ဇွန် ၂၃

ရန်ကုန်တိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဥပဒေရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် (၈:၀၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တွံ‌တေးခရိုင်၊ ခရိုင်ဥပဒေအရာရှိ ဦးစိုင်း‌ဝေယံမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းပို့ချခဲ့ရာ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်မေသက်ဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းကောင်း၊ ဒလမြို့နယ် ဥပဒေအရာရှိ ဒေါ်သက်ပွင့်‌ကျော်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကိုလည်းကောင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ဥပဒေအရာရှိ ဦးကျော်စိုးသူက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများကိုလည်းကောင်း သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၂၂-၆-၂၀၂၆ ရက်နေ့မှ ၂၆-၆-၂၀၂၆ ရက်နေ့အထိ ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၁၀၀)ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)