ညောင်ရွှေ ဇွန် ၂၃
ကျေးလက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာဖြစ်ထွန်းရေးအတွက် ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းက ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (မိုင်းသောက်) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် (၂၂) ရက် နံနက် (၉) နာရီက ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အခြေံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်စာကြည့် တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ပွဲတော်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပွဲတော်ကျင်းပနေစဉ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးဌာနမှ ဆရာကြီးဦးအောင်ဇော်မင်းက ပညာရေးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ပြင်ဆင်ထားရှိရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ ကျောင်းအုပ်ကြီးများနှင့် ဒေသခံများက အထွေထွေကိစ္စရပ်များကို တိုင်ပင်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ