ကန်ကြီးထောင့်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေး

ကန်ကြီးထောင့် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အများပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာလက်ကမ်းစာစောင်များအား စဉ်ဆက်မပြတ် ဖြန့်ဝေပေးလျက်ရှိသည်။

ထိုသို့ စဉ်ဆက်မပြတ် ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၏ ဦးဆောင်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက် ထုတ်ယူကြသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် “မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းဆက်၊ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးအုပ်စု (၅) မျိုးအနေဖြင့် (၁) ထိုင်းမှိုင်းဆေးအုပ်စု၊ (၂) စိတ်ငြိမ်ဆေးအုပ်စု၊ (၃) စိတ်ကြွဆေးအုပ်စု၊ (၄) အာရုံခြောက်ခြားဆေးအုပ်စု၊ (၅) အငွေ့ပြန် ဓာတုဗေဒပစ္စည်းဆေးအုပ်စု၊ တန်ဖိုးရှိလှ လူငယ်ဘဝမူးယစ်ကင်းစင် ကျန်းမာမှ၊ အသိပညာပေး ရုပ်ပြကာတွန်းနှင့် ဝိုင်းဝန်ကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ကဗျာများ” စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)