ကော့မှူး ဇွန် ၂၃
ဥပဒေရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအတွက်ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း (TOT) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးစိုင်းစိုးရွှေက အစိုးရသစ်လက်ထက် ပထမရက် (၁၀၀) အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများတွင် ဥပဒေရေးရာဝန်ကြီးဌာနက ပြည်သူ့အတွက် ကြိုပမ်းဆောင်ရွက်မည့်လုပ်ငန်းအနေဖြင့် ဥပဒေအသိပညာပြန့်ပွားရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဥပဒေကိုပြည်သူများယုံကြည်ရန်အတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုသည့် အချက် (၂) ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာများကို ပြည်သူလူထုအတွင်း ပိုမိုကျယ်ပြန့်စွာပြန့်ပွားစေရေး၊ နိုင်ငံသားတိုင်းတရားဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေး၊ ဥပဒေအကာအကွယ်ကို အညီအမျှရရှိစေရေးနှင့် ဥပဒေအသိပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်မည့် သင်တန်းဆရာများဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆရာ တွံတေးခရိုင်မှ ဒုတိယခရိုင်ဥပဒေအရာရှိ ဦးထန်းတမ်နှင့် မြို့နယ်ဥပဒေအရာရှိ ဦးစိုင်းစိုးရွှေတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ လောင်းကစားဥပဒေနှင့် လောင်းကစားဥပဒေဆိုင်ရာလုပ်ထုံး လုပ်နည်းများ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာလှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများ၊ ရာဇသတ်ကြီးနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ လက်နက်ဥပဒေနှင့် ယစ်မျိုးဥပဒေများကို ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဇွန်လ (၂၂) ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)