နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် အ.ထ.က(ကော့မှူး)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

ကော့မှူး ဇွန် ၂၂

နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ ရရှိ‌စေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ‌ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က(ကော့မှူး)ကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာ‌ပေး ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ၊ ကဗျာရွတ်ဆိုပြိုင်၊ ဂိမ်းကစားပြိုင်ပွဲ၊ သုတ/ရသ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အ.ထ.က(ကော့မှူး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှအေး အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်ဇော်(ခင်ဇော်-ကော့မှူး) ကျောင်းသား၊ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြ‌ရန်၊‌ ကျောင်းသား‌၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကို ကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွား‌စေရေးအတွက် ပြင်ပစာ‌ပေများကို‌ လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစား တွေးခေါ် တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်းနှင့် စာပေ၏ အကျိုးကျေးဇူးနှင့် ပတ်သက်သော အကြောင်းအရာများအား ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပရာ အ..က(ကော့မှူး) ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ် စာစောင်များပြသထားရာ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။

 ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိတ်ရွှင်လန်းဆန်းကြည်နှုးစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီး ချစ်ခင်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အ‌လေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ခွက်ပစ်ကစားနည်း၊ ခါးလှည့်ကစားနည်း၊ ခွက်ဆင့်ပြိုင်ပွဲများအားကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)