ညောင်ဦး ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သော(မိုးမြေပဲ၊ မိုးစပါး)သီးနှံ ချေးငွေစနစ်ဖြင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီက နိုင်ငံစီးပွားရန်ပုံငွေဖြင့် မိုးမြေပဲဧက ၂၀၀၀ အတွက်၊ ကျေးလက်တောင်သူ ၂၄၉ ဦးတို့အား ကွန်ပေါင်းမြေဩဇာ(ဇာမဏီ)15;15;15 တစ်အိတ်၊ တာဇာဖစ်ဂျစ်ပဆန် ခြောက်အိတ်၊ မျိုးမြေပဲ ခြောက်တင်းနှုန်း၊ အပင်အားဆေးတစ်ဘူးတို့အား သတ်မှတ်ဈေးနှုန်းတို့ဖြင့် သီးနှံပေါ်ချိန်တွင် တန်ဖိုးနှင့်ညီမျှသော သီးနှံအား သီးနှံပေါ်ချိန်သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူကြိတ်ခွဲတင်ပို့ လုပ်ငန်းရှင်များထံ သီးနှံပြန်လည်ပေးခြင်းလုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးသည်။ ထို့နောက် လုပ်ငန်းရှင်များက လုပ်ငန်းအာမခံ ပစ္စည်းထားရှိသူများကို ကော်မတီထံသို့ တင်ပြခဲ့ကြသည်။
ဆက်လက်၍ သွင်းအားစုလုပ်ငန်းရှင် ငွေမင်းသားစိမ်းစိုလုပ်ငန်းရှင် ဦးကျော်သူဝင်းက တောင်သူ များသို့ အချိန်မီမျိုးနှင့်သွင်းအားစုဖြန့်ဖြူးထားရှိမှုကို ဝိုင်းကြီးချုပ်စနစ်ဖြင့် ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်းနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့လုပ်ငန်းရှင် ဦးကျော်သူလွင်က သီးနှံပေါ်ချိန်တွင် သီးနှံပေါ်ချိန် ဖြန့်ဖြူးထားရှိသည့်ငွေနှင့်ညီမျှသော ထွက်ကုန်များကို သီးနှံပေါ်ချိန်ဈေးနှုန်းဖြင့် ပြန်လည်ဝယ်ယူမည်ဖြစ်ပြီး သတ်မှတ်ကာလအချိန်မီငွေများ ပြန်လည်ပေးဆပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီတို့က မိုးစပါးစိုက်တောင်သူကိုယ်စားလှယ်များအား သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း