မိုင်းကိုင် ဇွန် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(မိုင်းကိုင်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းအောင်က သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်၊ မီးသတ်ဦးစီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ စီမံချက်များနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်၊ ငလျင်ဘေး၊ မီးဘေး အန္တရာယ်များနှင့်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရန်၊ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် နည်းလမ်းများကို သဏ္ဍာတူလက်တွေ့သရုပ်ပြခြင်း၊ ကယ်ဆယ်ရေးအဖွဲ့များက မီးလောင်နေစဉ်နှင့် မီးလောင်ပြီး လူများကိုကယ်ထုတ်ရမည့် ရှာဖွေကယ်ဆယ်ရေးပုံစံများကို လက်တွေ့သရုပ်ပြခြင်း၊ ငလျင်ဘေးဒဏ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ခြင်းပုံစံများကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)