မူဆယ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ပီမိုင်တိုင်းကွင်းတွင် ၂၀၂၆ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မူဆယ် ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် သစ်တောဦးစီးဌာနနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း(ပီမိုင်တိုင်း)ကွင်း၌ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်၊ ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြပြီး၊ ချယ်ရီ၊ ထင်းရှူး၊ စိန်ပန်း၊ ခရေ၊ ကံ့ကော်၊ ထိုင်ဝမ်ဗန်ဒါ၊ မဟော်ဂနီ၊ ထောပတ်၊ သရက်၊ အသောက၊ စောင်းလျား၊ မာလကာ၊ လိုက်ချီး၊ လေချူ၊ ကျူဘားအုန်းစသည့် သစ်ပင် (၁၅)မျိုး၊ အပင်ပေါင်း (၃၆၃)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။ သစ်ပင်စိုက်ပျိုးပွဲအပြီးတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့မှ သစ်သီးများပေးအပ်ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့်အဖွဲ့များက လက်ခံရယူခဲ့ပြီး၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်