မူဆယ် ဇွန် ၂၃
အများပြည်သူတို့၏ အခြေခံလိုအပ်ချက်ကိုရှေးရှု၍ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ထုတ်ပေးခြင်းကို မူဆယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်နေသည့် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့မှ ကျောင်းသား/ကျောင်းသူများကို အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ ထုတ်ပေးလျက်ရှိရာ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦး၊ မူဆယ်မြို့နယ်ဦးစီးမှူး၊ နမ့်ခမ်းမြို့နယ်ဦးစီးမှူးနှင့် မူဆယ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ကျောင်းသား/ ကျောင်းသူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ယနေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးနိုင်မှုမှာ ကျောင်းသား (၂၄)ဦးနှင့် ကျောင်းသူ (၃၀)ဦး၊ စုစုပေါင်း (၅၄)ဦးတို့အား နေ့ချင်းပြီးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်