ဟင်္သာတ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမတွင် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့မွန်းလွဲပိုင်းက ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် မိခင်ကလေးနှင့်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာတို့မှလည်းကောင်း၊ သွားဆရာဝန် ဒေါက်တာလမင်းကိုကိုတို့မှလည်းကောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပိုးလောက်လန်းပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ခြင်ပေါက်ပွားမှုမရှိစေရေး ဆောင်ရွက်ရန် မိမိတို့၏တစ်ကိုယ်ရေသန့်ရှင်းရေးမှအစပြု၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးတို့ အတွက် ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာရန်အချက်များကို အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် မိခင်ကလေးနှင့်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများ၊ သူနာပြုများ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)