မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန် ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး၊ အသားတိုးဝက်မွေးမြူရေး လုပ်ငန်း ကြည့်ရှုအားပေး

မကွေး ဇွန် 

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ရွှေတင့်တူးစိုက်ပျိုးမွေးမြူရေးဇုန် ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန် ဖော်ထုတ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး၊ ရှင်းလင်းဆောင်တွင် ဥစားကြက်မွေးမြူရေးဇုန် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများမှ မကွေးမြို့နယ်အတွင်း အသားကဏ္ဍဖူလုံစေဖို့ ဘေးအန္တရာယ်ဖြစ်စေသည့် အသားငါးများ လျော့နည်းစေဖို့အတွက် ရှားပင်လှကျေးရွာအနီး မြေဧက (၄၈.၀၆) ဧကပေါ်တွင် ဥစားကြက်မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မွေးမြူရေးလုပ်ငန်းရှင်(၁၂) ဦးမှ တစ်ဦးလျှင် ဥစားကြက် အကောင်ရေ (၃၀၀၀) ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်  လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးမြို့နယ် ရှားပင်လှကျေးရွာ အုပ်စုရှိ သမဝါယမအသင်းပိုင် မြေပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး အထူးဇုန်နှင့် ဧက(၁၅၀) စနစ်ကျ လယ်ယာမြေ ဖော်ထုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံပိုလျှံစေရေးနှင့် သာယာဝပြောရေးအတွက်ဆောင်ရွက် လျှက်ရှိရာမှာ မွေးမြူရေးကဏ္ဍတွင် အသား၊ နို့၊ ဥ ပိုမိုထုတ်လုပ်လာစေနိုင်ရေးအတွက် လိုအပ်တဲ့အထောက်အပံ့၊ အကူအညီများ ဆောင်ရွက်ပေးလျှက်ရှိပြီး၊ အသားထုတ်လုပ်မှုအနေနဲ့ ဒေသတွင်း ကြက်သား စားသုံးမှု ဖူလုံပိုလျှံလာစေရေးအတွက် ကျေးလက်နေပြည်သူများ၏ တစ်ပိုင် တစ်နိုင် ဒေသကြက် မွေးမြူရေးလုပ်ငန်း၊ အသေးစားနှင့် အလတ်စား အသားတိုးကြက်နှင့် ဒေသကြက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိသလို၊ ကြက်ဥပိုမိုစားသုံးလာနိုင်ရန် ဒေသအတွင်း ဥစားကြက်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာစေရေး အဖက်ဖက်မှ ထောက်ပံ့ ကူညီ အားပေးဆောင်ရွက်လျှက်ရှိကြောင်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာ ဦးနိုင်လင်းအောင်၏ အသားတိုးဝက်မွေးမြူရေးလုပ်ငန်း (၅) ဧကခြံသို့ သွားရောက်၍ ကြည့်ရှုအားပေးသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ အသားတိုးဝက်မွေးမြူရေး လုပ်ငန်းသို့ ရောက်ရှိစဉ် မွေးမြူရေးလုပ်ငန်းရှင် ဦးနိုင်လင်းအောင်က အသားတိုးဝက် (၂၂၈) ကောင်၊ မျိုးဝက်သိုး (၄) ကောင်၊ မျိုးဝက်မ (၇၀) ကောင်နှင့် သားပေါက်(၁၄၀)ကောင် စုစုပေါင်း (၄၄၂) ကောင်အား ခြံ (၈) ခြံတွင် မွေးမြူဆောင်ရွက်မှုနှင့် အသားတိုးဝက်နှင့် သားပေါက်ရောင်းချမှု၊ အစာကုန်ကျစရိတ်၊ ခြံလုပ်သား လုပ်အားခနှင့် အကျိုးအမြတ်ရရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်း ပိုမိုထုတ်လုပ်မွေးမြူနိုင်ရေး လိုအပ်သည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကာ၊ မွေးမြူရေးခြံများအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)