ဟိုမိန်း ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း (ပန်သပြေ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်(၃) ဦးနိုင်လင်းအောင်က ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုရန်ရှောင်ရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင်း ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်အလက်များ၊ ဆောင်ရန် ရှောင်ရန်များကို ဟောပြောခဲပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးမှတ်တမ်းဓာတ်ပုံများ၊ နံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းငင်း(ပြန်/ဆက်)