လွိုင်လင်မြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်

လွိုင်လင် ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ပါသည်။

ဦးစွာ လွိုင်လင်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပါ သိထားသင့်သည့်အချက်များကို ရဲအုပ်ဝေဖြိုးအောင် (တပ်ဖွဲ့စိတ်မှူး)နှင့် တာဝန်ရှိသူများက သင်တန်းပို့ချပေးပါသည်။ အဆိုပါ ရက်တိုသင်တန်းသို့ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ စုစုပေါင်း (၂၀) ဦးတက်ရောက်ကြပြီးသင်တန်းကို ယနေ့တစ်ရက်တည်းသာသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး