ကြံခင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်လစာထုတ်ယူကြသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ဆီ၊ ဆန်နှင့် ကြက်ဥများကို အဆိုပါ ဘဏ်ရှေ့တွင် ယနေ့နံနက် ၈ နာရီက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဝင်းမော်တို့က ကြည့်ရှုအားပေးကြသည်။ အဆိုပါအငြိမ်းစားဝန်ထမ်းများအား မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များ နှင့် စားအုန်းဆီလက်လီ/လက်ကားရောင်းဝယ်ရေးလုပ်ငန်း ရှင်များပူးပေါင်း၍ ဆီတစ်ပိဿာလျှင် ၇၉၄၅ ကျပ်နှုန်း၊ ပေါ်ဆန်းဆန်တစ်ပြည် ၃၀၀၀ ကျပ်နှုန်းနှင့် ကြက်ဥတစ်လုံးလျှင် ၄၅၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ဆန်တစ်ပြည်၊ ကြက်ဥ ၅ လုံး တို့အား ရောင်းချပေးလျက်ရှိသည်။
ကြံခင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်(ခွဲ)သို့ ပင်စင်လစာထုတ်ယူကြသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အလှူရှင်မိသားစုက ကြာဇံဟင်းခါးများဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိပြီး၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်(ခွဲ)မှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မြို့ပြပင်စင်စား (၆၈၀)ဦး၊ ကာကွယ်ရေး ပင်စင်စား(၃၄၄)ဦး၊ နိုင်ငံရေးပင်စင်စား(၆၇)၊ ဘဏ်ပင်စင်စား (၁၀)ဦးနှင့် ရဲဝန်ထမ်းအငြိမ်းစား (၉၆) ဦး စုစုပေါင်း ၁၁၉၇ ဦးအား ပင်စင်လစာများထုတ်ပေးခဲ့ပြီး ဇွန်လ (၂၂) ရက်နေ့မှ(၃၀)ရက်နေ့အထိ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက် (၆) နာရီမှ နေ့လယ် (၁၂) နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)