ပင်းတယ ဇွန် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာအုပ်စု တောရကျေးရွာတွင် ဇွန် ၂၁ ရက်နေ့နံနက် ၁၀နာရီက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှု ဂျပန်နိုင်ငံမှအစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နီပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်စေတနာအဖွဲ့နှင့် ဒေသခံမိဘပြည်သူများပူးပေါင်းဆောက်လုပ်ခဲ့သည့် တောရကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ဦးစွာ ပထမပိုင်းအခမ်းအနားအစီအစဉ်အရ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် တာဝန်ရှိသူများက ၎င်းကျောင်းဆောင် ဆောက်လုပ်ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပြီး၊ ဒေသခံမိဘပြည်သူများ ကိုယ်စားကျောင်းဆောက်လုပ်ရေး ကော်မတီတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကျောင်းဆောင်သစ်အား နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဂျပန်နီပွန်းဖောင်ဒေးရှင်စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်း၍အခြေခံပညာမူလတန်းကျောင်း၊ တောရ အလျား(၆၀) ပေ၊အနံ (၃၀)ပေ အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်သစ်အား စုစုပေါင်းငွေကျပ် ၁၀၅,၇၃၃,၅၁၈ ကျပ်ဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။ မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများသည် ပင်းတယမြို့နယ်ရှိ ရှောက်ချိုကျေးရွာ၊ သပြေကုန်းကျေးရွာ အခြေခံပညာကျောင်းများသို့သွားရောက်ကြည့်ရှုကာ စာသင်ကျောင်းဆောင်သစ်များတိုးချဲ့ဆောက်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)