ပုသိမ် ဇွန် ၂၃
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံး အဖြတ် ရယူကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၃) ဦး၏ ကြယ်ပွင့်ပြမေးခွန်း (၁၃) ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး လေးမျက်နှာမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) က အစည်းအဝေးအဋ္ဌမနေ့တွင် တင်သွင်းခဲ့သည့် “ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေကာတာများကို မိုးရာသီရေကြီး မြင့်၍ ရေကာတာများ မကျိုးပေါက်စေရေးအတွက် တာတမံများကြံ့ခိုင်မှု ကောင်းမွန်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုအား ဆွေးနွေးရန်အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် (၉) ဦး၏ ဆွေးနွေးမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေး၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကာ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)