မအူပင် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၆) ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မှုခင်းကျဆင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဦးစွာ မအူပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးဝင်းဇော်မှ အွန်လိုင်းငွေကြေးလိမ်လည်မှုဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ညွန့်မှ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာများအား အသိပညာပေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇာဇာမြင့်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေများအား ရှင်းလင်းပြောကြားပြီး အမှတ်(၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ဒုတိယရဲမှူး မိုးမြင့်ကိုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရန်ရှောင်ရန်များအား ရှင်းလင်း ဟောပြောသည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား မှုခင်းကျဆင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းဇော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ညွန့်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုတိယရဲမှူးမိုးမြင့်ကိုနှင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)