တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၄)ခုမေးမြန်း

ဘားအံ ဇွန် ၂၃

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဒေသခံပြည်သူများကိုယ်စား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုထံမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၄)ခုကို မေးမြန်းရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။

ယင်းနောက် မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအေးမင်းထွေး၏ ပြည်တွင်းခရီးစဉ် ဒေသနေရာများ သဘာဝအတိုင်းထိန်းသိမ်းထားရှိနိုင်ရေးနှင့် ခရီးသွားများစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများအား ထိန်းသိမ်းကြပ်မတ်နိုင်ရေးတိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်လှိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးငွေထွန်း နှင့် မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါက်တာဌေးနောင်တို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်နယ်  စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်နယ် လွှတ်တော်၏အဆုံးအဖြတ်ကိုရယူရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် ပြည်နယ် လွှတ်တော်က အတည်ပြုကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့က ယင်းအဆိုကို ဆက်လက်ဆောင်ရွက်ရန်တိုက်တွန်းကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ ကရင်ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သံတောင်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ဖိုးအောင် နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်သူရဝင်းတို့က ထောက်ခံဆွေးနွေးကြပြီး ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး သန်းထိုက်က ယင်းဥပဒေကြမ်းအပေါ် မူလပြဌာန်းချက်အချို့ကိုပြင်ဆင်ရန်တင်ပြခဲ့ကာ ပြည်နယ်လွှတ်တော်၏ အတည်ပြု ချက်ကိုရယူရာ သဘောတူညီကြသည့်အတွက် ပြင်ဆင်ချက်များအားအတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ကရင်ပြည်နယ်ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းကို အတည်ပြုပေးရန် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးက အဆိုတင်သွင်းရာ ပြင်ဆင်ရန်တင်ပြသည့် ဥပဒေ၊ ပုဒ်မ၊ ပုဒ်မခွဲများအားလည်းကောင်း၊ ပြင်ဆင်ရန်တင်ပြချင်းမရှိသည့် ဥပဒေ၊ ပုဒ်မ၊ ပုဒ်မခွဲများအားလည်းကောင်း၊ ဥပဒေကြမ်း တစ်ခုလုံးအားလည်းကောင်း အတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များက သဘောတူကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူတို့၏တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီတွင် ကော်မတီဝင်(၁)ဦး ထပ်မံဖြည့်စွက်တာဝန်ပေးအပ်ခြင်းနှင့် တိုင်းရင်းသားများအခွင့်အရေးဆိုင်ရာကော်မတီတွင် ကော်မတီဝင်(၁)ဦးထပ်မံဖြည့်စွက် တာဝန်ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍ ကန့်ကွက်ရန်အမည်စာရင်းတင်သွင်းခြင်းမရှိသည့်အတွက် အဆိုပါကော်မတီ(၂)ခုအား ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၁၁)ဦးစီဖြင့် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ အစည်းအဝေးစတုတ္ထနေ့ကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)