အောင်လံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

အောင်လံ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ရွာထောင်) ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး” နှင့် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး” အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အောင်လံမြို့နယ်မှ ဒုရဲအုပ် ဝင်းသူ က ကျောင်းသား/ကျောင်းသူများ လမ်းဆုံလမ်းခွများနှင့် လမ်းမကြီးများပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ် ဆောင်ကျဉ်းရေးအပါအဝင် သိရှိလိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများနှင့် ပညာပေးအကြောင်းအရာများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အောင်လံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းနိုင်က လူငယ်လူရွယ်များ လမ်းမှားမရောက်စေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်သားကောင်းရတနာများ ဖြစ်လာစေရန်အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ၎င်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များနှင့် ကာကွယ်တားဆီးရမည့် နည်းလမ်းများကို အကျယ်တဝံ့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)