မိတ္ထီလာမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ) မှ ကျောင်းအုပ်ကြီး ဒေါ်ဖြူဖြူမြင့်က သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းအုပ်ကြီးက သင်တန်းသားသင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ ၂၀ ဦးဖြင့် သင်တန်းကာလ ၃ ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် ပြည်တွင်းမှာဝယ်ယူရရှိနိုင်တဲ့ ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းအဖြစ် စနစ်တကျထုတ်လုပ်လာနိုင်အောင် သင်ကြားပေးမှာဖြစ်ပြီး ဓါတုဗေဒကုန်းကြမ်းပစ္စည်းများအကြောင်း၊ အဝတ်လျှော်ဆပ်ပြာဆီ၊ ရေချိုဆပ်ပြာ၊ တရော်ကင်းပွန်းခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ပန်းကန်ဆေး/လက်ဆေး ဆပ်ပြာဆီ၊ Hand Gel စသည့် ဆပ်ပြာပြုလုပ်နည်းများကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်