မြစ်သား ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်း သား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇွန် ၂၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသန်းဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကိုပြောကြားရာတွင် ဗလငါးတန်နဲ့ပြည့်စုံပြီး အသိပညာဗဟုသုတ များရရှိစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်ပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးသည့် အလေ့အကျင့်ကောင်း များရရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကိုဦးဆောင်မည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အခြေခံပညာနှင့်စက်မှု စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာအောင်ကဦးဆောင်ပြီး Grade-8 ကျောင်းသား မောင်သီဟနိုင်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မနှင်းလဲ့လဲ့မွန်က လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မချမ်းမြေ့မြေ့သော်က လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade–8 ကျောင်းသူ မဝင့်ဝါအောင်က လူငယ်နှင့် နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသောမေးခွန်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးသန်းဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်း မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့်အဖွဲဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း အဖွဲ့ဝင်များ၊ အခြေခံပညာနှင့်စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၂၇၅ ဦး ခန့်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)