ကော့မှူး ဇွန် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမူလွန် (လာဝတီ) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုလိုခြင်းများ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့လာရောက်၍ ငယ်ရွယ်စဉ်က ပင်စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာ ပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြပြီး ကျောင်းသား/ ကျောင်းသူများအား ရွှေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကျောင်းများ ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များကိုလည်း အခမဲ့လိုက်လံငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ