လှည်းကူး ဇွန် ၂၄
လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ၊ မြေမြင့်တောင်ကုန်းပေါ်တွင် ယမန်နေ့ နံနက် ၇ နာရီက(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိ ဓာတုပစ္စည်းများ မြေမြှပ်စွန့်ပစ်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းရဲမှူးချုပ် ၊ တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးအရည် Formaldehyde (၈၀၈.၅) လီတာအား သတ်မှတ်ကျင်းများအတွင်းသို့ သွန်ချဖျက်ဆီးခြင်းနှင့် မြေဖို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)