ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငရုပ်စိုသီးနှံ ၅၅၉ ဧက လျာထားစိုက်ပျိုးမည်

ပွင့်ဖြူ  ဇွန်  ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငရုပ်စိုသီးနှံစိုက်ဧက ၅၅၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ငရုပ်စိုသီးနှံ ၅၅၉ ဧက စိုက်ပျိုးရန်လျာထားပြီး အဆိုပါ ငရုပ်စိုက်ပျိုးခြင်းကို ဇွန်လမှ စတင်၍ စက်တင်ဘာလအထိ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ငရုပ်စိုသီးနှံ ၅၅၉ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ မိုးငရုပ်စိုသီးနှံ စိုက်ပျိုးရေးကို ဇွန်လမှ စပြီး စက်တင်ဘာလအထိ စိုက်ပျိုးသွားမှာဖြစ်ကာ လျာထားစိုက်ဧက ပြည့်မီအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ငရုပ်သီးနှံက ဈေးကွက်ရှိတော့ တောင်သူတွေက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုး လုပ်ကိုင်ကြတယ်။ တောင်သူတွေကိုလဲ ငရုပ်သီးနှံစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းတွေ ကောင်းမွန်စေဖို့နဲ့ ထွက်ရှိလာတဲ့သီးနှံတွေ အရည်အသွေးရှိပြီး အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် လိုအပ်တဲ့ အော်ဂဲနစ် စိုက်ပျိုးရေး နည်းစနစ်တွေ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနည်းလမ်းတွေစတဲ့ အသိပညာပေး လုပ်ငန်းများ ကို ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်သည့်အတွက် ဒေသခံတောင်သူများက သီးနှံဝင်ငွေ တွက်ခြေကိုက်သည့် ငရုပ်သီးနှံအား (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ထိုသို့ စိုက်ပျိုးလုပ်ကိုင်ရာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများကို စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်သည့် စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)