အုတ်ဖို ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့က အ.ထ.က အုတ်ဖို ဧရာခန်းမ၌ကျင်းပခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၄၅) ဦးတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးငွေစိုးမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ပျိုးပင်များအား အခမဲ့ဖြန့်ဝေပေးနေမှု၊ ဝါးပိုးဝါးပျိုးပင်၊ ဝါးငုတ်တက်များစိုက်ပျိုးရန် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲများအကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)