ကြည့်မြင်တိုင် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မိုးစပါး (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဝါးရုံဆိပ်အေးရွာ အနာက်ရပ်ကွက်၊ တောင်သူ ဦးဇော်ထူး၏လယ်မြေ၌ မိုးစပါး (Seeder) ဖြင့် ဆင်းသုခမျိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပခဲ့သည်။
အဆိုပါ သရုပ်ပြပွဲတွင် အလုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်နိုင်က တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းခြင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်က ဘိုင်အိုချာပြုလုပ်ပုံနှင့် သုံးစွဲပုံသုံးစွဲနည်းများကို ရှင်းလင်းခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးက မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးရမည့် နည်းပညာများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မိုးစပါး (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး မိုးစပါးစံပြစိုက်ခင်းတွင် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)