၂၀၂၆-၂၀၂၇ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစီမံကိန်းအတွက် ရှိုင်းနီသွင်းအားစု/ဝယ်ကြိတ်ကုမ္ပဏီတို့မှ တောင်သူများထံ သွင်းအားစုပေးအပ်

သာပေါင်း ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစီမံကိန်းအတွက် ရှိုင်းနီသွင်းအားစု/ ဝယ်ကြိတ်ကုမ္ပဏီတို့မှ တောင်သူများထံသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ရှိုင်းနီကုမ္ပဏီအရောင်းဆိုင် ဂိုဒေါင်၌ ကျင်းပခဲ့ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က သွင်းအားစုများ တောင်သူလက်ဝယ်အရောက် မှန်မှန်ကန်ကန်ပေးပို့ရေး၊ တောင်သူများကလည်းရရှိမှု ရှိ/မရှိ၊ အထွက်နှုန်းတိုးရေးအတွက် မှန်ကန်စွာအသုံးပြုရေး၊ သတ်မှတ်ကာလ (၅)လသီးနှံပေါ်ချိန်တွင် ဝယ်ယူကြိတ်ခွဲရေးအဖွဲ့သို့ မပျက်မကွက်ပေးသွင်းရေး၊ ဝယ်ယူကြိတ်ခွဲရေးအဖွဲ့မှလည်း သတ်မှတ်ကာလ (၁)ပြည့်သည့်အချိန် တိုင်းဒေသကြီးရန်ပုံငွေစာရင်းသို့ အချိန်မီအပြည့်ပေးသွင်းရေးတို့ကို မှာကြားပြီး မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင်လွင်မှ သွင်းအားစု အမျိုးအစားများအား တောင်သူကြိုက်နှစ်သက်သည့်အမျိုးအစား သတ်မှတ်တန်ဖိုးကိုက်ညီမှုရှိရေး၊ စံချိန်စံညွှန်းနှင့်အညီ ထုတ်ပေးရေး၊ တောင်သူများမှလည်း အထွက်နှုန်းတိုးရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အတိုင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားကာ မိုးဝဠာကုမ္ပဏီမှ ဧက(၁၀၀၀) (၂)အုပ်စု၊ တောင်သူ(၁၁၀)ဦး၊ မိုးကောင်းကင်ကုမ္ပဏီမှ ဧက(၁၀၀၀)၊(၃)အုပ်စု (၂၁၅)ဦး၊ ရှိုင်းနီကုမ္ပဏီမှ ဧက(၁၀၀၀)၊ (၂)အုပ်စု(၆၃)ဦးတို့အတွက် ကောမက် G-46 ယူရီးယားမြေဩဇာ၊ အာမို ယူရီးယားမြေဩဇာ၊ ၁၅ ပတ်လည် ကွန်ပေါင်းမြေဩဇာ၊ စူပါဂိုး(ဆာဖိုးသာ)မျိုးစပါးများ ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း(ပြန်/ဆက်)