မကွေးမြို့၌ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်

မကွေး ဇွန် ၂၅

မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၃ ရက်နေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်၊ မခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက ဒေါ်အိအိထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်ကြားပေးမည့် ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်ကအဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးကသင်တန်းတွင် ပို့ချမည့်သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နာယက က သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးပါသော မိမိဇင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အခမ်းအနားအတွင်းခင်ကျင်းပြသထားသော တိုင်းရင်းဆေးဝါးများ အားလေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းတွင် မြန်မာ့တိုင်းရင်းဆေးပညာသမိုင်းနှင့် အခြေခံသဘောတရားများ၊ နွေ၊ မိုး၊ ဆောင်း ဥတုအလိုက်ဖြစ်တတ် သောရောဂါငယ်များနှင့် ကုထုံးများ၊ တိုင်းရင်းဆေးကုဌာနသုံး ဆေးဖုံများအကြောင်း၊ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်များအသုံးပြုပုံ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်နည်းလမ်းများ အား ၂၃.၆.၂၀၂၆ မှ ၂၅.၆.၂၀၂၆ ရက်နေ့ထိ (၃) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)