ဘားအံ ဇွန် ၂၅
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့တက် ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒဿမ ၆၅ ရာခိုင်နှုန်း တက်ရောက်ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုကအစည်းအဝေး ပဥ္စမနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဒေသခံပြည်သူများကိုယ်စား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ထံမှတစ်ဆင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း(၄)ခုကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။
ယင်းနောက် ကရင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုပေးနိုင်ပါရန် ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးက အဆိုတင်သွင်းပြီး ယင်းဥပဒေကြမ်းကို အတည်ပြုရန် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ရန်မရှိ သဘောတူညီကြသည့်အတွက် အဆိုပါ ဥပဒေကြမ်းတစ်ခုလုံးအား အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များဆိုင်ရာကော်မတီတွင် ကော်မတီဝင်တစ်ဦး ထပ်မံဖြည့်စွက်တာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏အတည်ပြုချက်ကို ရယူရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူကြသည့်အတွက် ဘားအံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်မြင့်သိန်းကို ကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခြင်းအား အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်က ကြေညာသည်။
ထို့နောက် ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီတွင် ကော်မတီ၏ လုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ စကားရပ်အစားထိုးခြင်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် စကားရပ်အစားထိုးခြင်းကို အတည်ပြုကြောင်း ကြေညာကာ အစည်းအဝေး ပဥ္စမနေ့ကို ရပ်နားခဲ့ကြောင်းနှင့် အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။
တတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း(၁၉)ခုကို မေးမြန်း၍ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြပြီး တိုက်တွန်းကြောင်း အဆို(၂)ခုနှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပေးပို့လာသည့် ဥပဒေကြမ်း(၂)ခုတို့ကို တင်သွင်းဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)