မင်းဘူးမြို့၌ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ဖောင်တော် ရေမျှောပူဇော်ပွဲ ကျင်းပ

မင်းဘူး ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီက အမှတ် ၃ ရွာမရပ်ကွက် ကမ်းနားလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ မင်းဘူးမြို့ ပုဂံမျှော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဇာဝန  မထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်၊  အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော် မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး ချမ်းသာကြီးလူမှုကူညီရေးအသင်း ဥက္ကဌဦးသက်ထွန်းနှင့် ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ပုဂံမျှော်ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော်  ဘဒ္ဒန္တဇာဝန မထေရ် မြတ်ထံမှ လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရှင်ဥပဂုတ္တရဟန္တာ မထေရ်မြတ်ကြီးအား ပူဇော်ခဲ့ပြီး ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ် ဖောင်တော်အား ရေမျှောကုသိုလ်ပြုခြင်းများကို ဆောင်ရွက်ခဲကြပြီး၊ လာရောက်ဖူးမြော်ကြသည့် ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါး စတုဒိသာကျွေးမွေးလှူခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)