ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပွင့်ဖြူ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျမောင်းနှင်သွားလာနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မင်းဘူးခရိုင်) ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ တပ်ကြပ်ကြီးဝင်းဆန်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့အဝင် စစ်ဆေးရေးဂိတ်နေရာတွင် စုရပ်ပြုလုပ်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မင်းဘူးခရိုင်) ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ စိတ်(ပွင့်ဖြူ)မှ တပ်ကြပ်ကြီးဝင်းဆန်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ရှိ မြို့အဝင်စစ်ဆေးရေးဂိတ်နေရာတွင်စုရပ်ပြုလုပ်၍ မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသယ်ပို့ဆောင်ရေးယာဉ်များကို ရပ်တန့်စေကာ ယာဉ်မောင်းနှင်သူများအနေဖြင့် အများပြည်သူယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် စက်တပ်ယာဉ်များ မောင်းနှင်ရာတွင် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာပြီး မောင်းနှင်သွားလာကြရန် အသိပေးရှင်းလင်းပြောကြားကာ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်၊ စောင်ရေ ၁၀၀ အား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ တပ်ကြပ်ကြီးဝင်းဆန်း ဦးဆောင်သောယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများကိုတွေ့ဆုံပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ သိရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်မဖြစ်စေရေး အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောပြီး ယာဉ်အန္တရာယ်သတိပေးလမ်းညွှန်ချက်များ သရုပ်ပြရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)