မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ၅ ညခြောက်ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ

မြဝတီ ဇွန် ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ သုံးဆယ့်တစ်ဘုံသားကမ္ဘာသူကမ္ဘာသားအပေါင်းတို့နှင့် မြဝတီမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ခုနှစ်ရက်သား၊သမီးအပေါင်းတို့အား နတ်ကောင်းနတ်မြတ်တို့၏ စောင့်ရှောက်မှုရရှိပြီး ဘေးရန်အသွယ်သွယ်မှ ကင်းလွတ်ငြိမ်းစေရန်အတွက် ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉:၀၀ နာရီက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံ‌တော်ဗဟိုသံဃာ့ဝန်‌ဆောင်​၊ နိုင်ငံ‌တော်ဝိနည်းဓိုရ်မြသုခ(၂၇၅)တပ်ဦး ကျောင်းဆရာတော်ဒေါက်တာအရှင်ပညာနန္ဒ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ)နှင့် သံဃာတော်၊  အရှင်သူမြတ်များက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍  အခမ်းအနားကို  ဖွင့်လှစ်ပေးခဲ့ပြီး  မြသုခ(၂၇၅)တပ်ဦးကျောင်းဆရာတော် ဒေါက်တာ အရှင်ပညာနန္ဒထံမှ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင် ဦးအောင်မျိုးထွန်း၊ ရှေ့တန်းအမှတ် (၂၇၅) ခြေလျင်တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးလွင်၊ ခရိုင်ရဲတပ်ဖွဲ့ ၊ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်း၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရတနာဝင်းမောင်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ဧည့်ပရိသတ်အပေါင်းတို့က နာယူကြည်ညိုကာ လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး မြသုခ (၂၇၅) တပ်ဦးကျောင်းဆရာတော် ဒေါက်တာအရှင်ပညာနန္ဒ အမှူးပြု၍ သံဃာတော်အရှင်သူမြတ်တို့ ဦးဆောင်၍ ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ကြီးကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

အဆိုပါ စေတီတော်မြတ်ကြီး၌   ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်းကို သံဃာတော်အရှင်သူမြတ်တို့က ဇွန်လ (၂၄) ရက်နေ့မှ (၂၉) ရက်နေ့အထိ ငါးညခြောက်ရက် တိုင်တိုင် နေ့/ည မပြတ် ရွတ်ဖတ်ပူဇော်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)