ညောင်ရွှေ ဇွန် ၂၅
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ အင်းလေးကန်ရေရှည်တည်တံ့စေရန်နှင့် သစ်တောသစ်ပင်များပြုန်းတီးမှုမှ ကာကွယ်ရန်အတွက် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်(၂၄)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် လွယ်ငြိမ့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအနီးရှိ အင်းလေးကန်အနောက်ကြိုးပြင်ကာကွယ်တော၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများထံသို့ ပျိုးပင်များပေးအပ်ခဲ့ကြသည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာသည့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ပြည်လုံးချမ်းသာ၊ ယူကလစ်၊ မာတာကွက်၊ မယ်ဇလီ၊ အော်ရီးရှား၊ မဟော်ဂနီ ကျွန်းနှင့်ဝါးပျိုးပင် စုစုပေါင်း(၁၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ