သရက်ချောင်း ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀နာရီက ၂၀၂၆ခုနှစ်၊ မိုးရာသီမိုးစပါးပန်းတိုင် စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်
တောင်သူများအား (ပထမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင်ကုန်ကျ စရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း၊ မြို့နယ်အတွင်းတောင်သူများအနေဖြင့် မိုးရာသီမိုးစပါး စိုက်ပျိုးဧကအထွက်နှုန်းတိုး၍ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှအထောက်အကူနိုင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ၂၀၂၆ခုနှစ်အတွက် မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (ပထမအကြိမ်) ယူရီးယားဓာတ်မြေ ဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများပေးအပ်ကာ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)