တန့်ယန်း ဇွန် ၂၅
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းကုသမှုလုပ်ငန်းအား နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံမှဆရာဝန်ကြီးများက မြို့နယ်အတွင်းရှိ ဒေသခံတိုင်ရင်းသား ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအား နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)ပြုလုပ်ပေးခြင်းများကို ဒေသခံပြည်သူ စုစုပေါင်း(၂၀၀)ဦးအား ဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်လ ၂၆ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး