ပင်းတယ ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။
ဟောပြောပွဲတွင် ပင်းတယမြို့မစခန်းမှူးဒုရဲမှူးအေးမင်းက ကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံတွင် အသက်မသေသင့်သူများ အသက်ဆုံးရှူံးရသည်ကို အများဆုံးတွေ့ရပါကြောင်း၊ အထူးပြောလိုသည်မှာ အရွယ်မရောက်သေးသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာကြသည့်အတွက် အသက်ဆုံးရှုံးရသည်မှာ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရပါကြောင်း၊ အရွယ်မရောက်သေးသူများ မော်တော်ဆိုင်ကယ်စီးနင်းခြင်း၊ မော်တော်ကားမောင်းနှင်မှုများတွင် စည်းကမ်းလိုက်နာခြင်းမရှိသည်ကိုတွေ့ရပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်မှသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး၊ မိဘများကလည်း အရွယ်မရောက်သေးသည့် သားသမီးများကို မော်တော်ဆိုင်ကယ်၊ မော်တော်ကားများကို မမောင်းခိုင်းသင့်ကြောင်း စသည်ဖြင့်ပြောကြားသည်။
ထိုနောက် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်မောင်းလိုင်စင်အမျိုးအစားများအကြောင်း၊ ယာဉ်မတော်တဆဖြစ်ပွားမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အမှား/အမှန်ခွဲခြားခြင်းတို့နှင့်ပတ်သက်သည့် အသိပညာပေး ဗီဒီယိုကလစ်ကိုပြသပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုမှတ်သားခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များအားမေမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)