ကော့သောင်း ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ရိုးရာခြင်းဝိုင်းပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ခရိုင်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ဗိုလ်လုပွဲတက်ရောက်လာကြသောအ.ထ.က(၂)ကျောင်းအသင်းနှင့် အ.ထ.က(ခွဲ) အ.လ.က (၂)ကျောင်းအသင်းတို့က ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ အ.ထ.က(ခွဲ) အ.လ.က (၂) အသင်းက အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ရိုးရာခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အ.ထ.က(ခွဲ) အ.လ.က(၂) (က)အသင်းအား မြို့နယ်ပညာရေးမှူးဆရာမကြီးက လည်ဆွဲဆုနှင့် ငွေသားဆုများချီးမြှင့်ပြီး ပထမဆုရရှိသော အ.ထ.က(၂)အသင်းအား ခရိုင်ပညာရေးမှူး ဆရာမကြီးက လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့သည်။ ယင်းနောက်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အ.ထ.က(၂)အသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်မင်းဦးက လည်ဆွဲဆုနှင့်ငွေသား ဆုများချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများက အကောင်းဆုံးကစားသမားဆုများအားဆက်လက် ချီးမြှင့်ရာ ရိုက်ခုတ်အကောင်းဆုံးဆုအား အ.ထ.က(၂) ကျောင်းအသင်းမှ မောင်ရဲထွဋ်မှ လည်းကောင်း၊ ပင့်ထောင်အကောင်းဆုံးဆုကို အထက(ခွဲ)အလက(၂)ကျောင်းအသင်းမှ ကျောနံပါတ်(၈)မှ လည်းကောင်း၊ဆယ်မအကောင်းဆုံးဆုအား အ.ထ.က(ခွဲ)အ.လ.က (၂) အသင်းမှ ကျောနံပါတ်(၇)က ရရှိကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ပိုက်ကျော်ခြင်းပထမဆုရရှိသော အ.ထ.က(ခွဲ) အ.လ.က(၂) ကျောင်းအသင်း ကစားသမားများအား လည်ဆွဲဆု၊ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)