ထားဝယ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော “လူငယ်ထုအတွင်းမူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး”လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာ ဝန်ကြီးဦးသက်နိုင်က ယနေ့ခေတ်လူငယ်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့်လူ့စွမ်းအား အရင်းအမြစ်များဖြစ်ကြကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းလွှဲယူနိုင်မည့် လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဦးဆောင်နိုင်မှုနှင့်စိတ်ဓာတ်ရေးရာ မြင့်မားခိုင်မာမှု စသည့် အချက်များအပေါ် တွင်များစွာ မူတည်နေကြောင်း၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်ရေးရာ မူဝါဒပါ လူငယ်ကဏ္ဍ (၁၆)ရပ်တွင် ပါဝင်သော မူးယစ်ဆေးနှင့်အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာလူငယ်များအားအရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ် သောဆေးဝါးများကို အသုံးမပြုနိုင်အောင်ထိရောက်စွာကာကွယ်ပေးနိုင်ရန် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်း၍ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုအား ဆေးလိပ်ငွေ့အန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန်အတွက် ဆေးလိပ်မသောက်ရ နေရာများ တွင် ဆေးလိပ်မသောက်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လူသားတို့အတွက် စာအုပ်စာပေများသည် မှန်ကန်သောအသိဉာဏ်ရင့်သန်မှုကို ပေးနိုင်စွမ်းရှိသောကြောင့်လူငယ်မော င်မယ်များအနေဖြင့် စာကောင်း ပေမွန်များကိုရွေး ချယ်ဖတ်ရှုတတ်ရန်လိုအပ်ကြောင်း၊ ငယ်စဉ်ဘဝကတည်းက စာကောင်းပေမွန်များ ဖတ်ရှုခြင်းအားဖြင့် မှန်ကန်သော အသိအမြင်၊အတွေးအခေါ်နှင့် ဉာဏ်ပညာများရရှိပြီး အခြေခံစိတ်ဓာတ်ကောင်းများလည်း ရရှိစေမှာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် လူတစ်ဦးချင်း၏ ပြဿနာသာမကလူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကိုပါ ခြိမ်းခြောက် နေသည့် အမျိုးသားရေးပြဿနာကြီး တစ်ရပ်ဖြစ်သောကြောင့် မမေ့ကြရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းသည်အခက်အခဲစိန်ခေါ်မှုများစွာရှိနိုင်သည့်အတွက် အမျိုးသားရေး ဘုံရန်သူအဖြစ်သတ်မှတ် သဘောထားပြီးအစိုးရနှင့် ပြည်သူလူထုလက်တွဲပြီး လူငယ်မောင်မယ်များ ကပါ အားအင်အပြည့်ဖြင့်ပူးပေါင်းပြီး ထိထိရောက်ရောက်တိုက်ဖျက်မည်ဆိုပါက အောင်မြင်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက လမ်းညွှန်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်က ဆရာ/ဆရာမများအနေဖြင့် မိမိနေရပ်ဒေသသို့ ရောက်ရှိပါက နိုင်ငံတော်အကျိုး၊ တိုင်းဒေသကြီးအကျိုး၊ မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများက သင်တန်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ ကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်လောင်းကစား၊ လူငယ်နှင့်လူကုန်ကူးမှု၊ ပြန်လည်ထူထောင်ရေး၊ ပြစ်မှု/ပြစ်ဒဏ်များ စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန် မေးမြန်းဆွေးနွေးကာ ဆွေးနွေးချက်များအပေါ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ပါဝင်ဆွေးနွေး ပေးသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဦးမောင်မောင်မြင့်က အားကစားပစ္စည်းများပေးအပ်ရာဒုတိယကျောင်းအုပ်ကြီးက လက်ခံယူသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များ၊ အသိပညာပေးပိုစတာများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ/မများနှင့် သင်တန်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)