သရက်ချောင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် လူငယ်နှင့် စာဖတ်ခြင်း အကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက အားကစားနည်းများအကြောင်း၊ပြေးခြင်း၏ ထိပ်တန်းအကျိုးကျေးဇူး(၁၀)ချက်၊ အားကစားပြုလုပ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း၊ အားကစား၏အဓိပ္ပါယ်၊ လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန်အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား အကြောလျော့နည်းများကို သရုပ်ပြသင်ကြားပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)