ဓနုဖြူ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ (၁) နာရီက အမှတ်(၁၁)ရပ်ကွက်ရှိ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှဌေးက မှုခင်းအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းက ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှု အန္တရာယ်နှင့် E-Cigarette(Vape) အန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဌေးက သက်ငယ်မုဒိမ်းမှုများမဖြစ်ပွားစေရေး အသိပညာပေး ဟောပြောခဲ့သည်။ ၎င်းနောက် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်နိုင်ဦးက မူးယစ်ဆေးဝါးနှင့်ပက်သက်၍ အသိပညာပေးဟောပြောပြီး၊ မြို့နယ်ယာဥ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဖြိုးအောင်က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့်ပက်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက်မှုခင်းကျဆင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှဌေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်