ဘားအံ ဇွန် ၂၅
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ဘားအံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဩလျဖောက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော ခဲ့သည်။
ဆက်လက်၍ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲများကို ပြုလုပ်ခဲ့ရာ အမှတ်(၁၀)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ မုန့်နှင့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေထားသော သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)