မချမ်းဘော ဇွန် ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆိုင်ရာများ သိရှိစေရန်နှင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့မန်နံနက်၁၀ နာရီက အထက မချမ်းဘောကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အထကမချမ်းဘောကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုထက်ဝေက အဖွင့်အမှာစကားပြောကြားပြီးနောက် မချမ်းဘောမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းမှူး စိုးဝင်းအောင်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်အချက်များ၊ မြေပြင်တွင်ဖြစ်ပွားတတ်သော မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ