ဘားအံတက္ကသိုလ်တွင် မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဘားအံ ဇွန် ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းးသား၊ကျောင်းသူ လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၃ ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အသိပညာပေး ဟော‌ပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဘားအံမြို့၊ အမှတ်(၃၁) မူးယစ်တပ်စုမှရဲမှူး မင်းထွဋ်က မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ ထိန်းချုပ်ဓာတု အမျိုးအစားများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များအကြောင်းကိုလည်းကောင်း၊ အမှတ်(၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှ ဒုရဲမှူး သိန်းဇော်မြင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ လန်ချန်း-မဲခေါင်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုဌာနအစီရင်ခံစာပါ အလုပ်အကိုင် ကြော်ငြာဓာတုများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သော လူကုန်ကူးမှု အန္တရာယ်အကြောင်းတို့ကို အသီးသီး ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၄၄)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများမှ မိမိတို့သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)