တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကျင်းပ

ပုသိမ် ဇွန် ၂၅

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ဇွန်လ ၂၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူကြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၃)ဦး၏ ကြယ်ပွင့်ပြမေးခွန်း (၁၃) ခုကို သက်ဆိုင်ရာ တိုင်း‌ဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး  မြောင်းမြမြို့နယ်ကိုယ်စားလှယ်အမှတ် (၁) က အစည်းအဝေးနဝမနေ့တွင် တင်သွင်းခဲ့သည့် “ နိုင်ငံခြားမှ ဝယ်လိုအားမြင့်နေသော မျှစ်ခြောက်နှင့်မျှစ်ပြုတ် ပိုမိုတင်ပို့နိုင်ရေးအတွက် ဝါးစိုက်ပျိုးမြေများ သတ်မှတ်နေရာပေးရေးနှင့် အစိုးရမှ ဝါးစိုက်ပျိုးရေးလုပ်ငန်းများအတွက် ဦးဆောင်လမ်းညွှန်ပေးရန်”  အဆိုအား ဆွေးနွေးရန်အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် (၆) ဦး၏ ဆွေးနွေးမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကာ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)