ဇလွန် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အထွဋ်ကျေးရွာအုပ်စုနှင့် ရေလဲကျေးရွာအုပ်စုတို့တွင် Rice Export Zone ဧက(၅၀၀) စီမံကိန်းအား Wunna Shin Trading Co.Ltd မှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်နှင့်သွင်းအားစု ဓာတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် အထွဋ်ကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အဆင့် (Rice Export Zone) လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနိုင်ကျော်စိုးက (Rice Export Zone) လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး ယူရီးဓာတ်မြေသြဇာများကို သီးသန့်သုံးစွဲခြင်းမပြုပဲ သဘာဝမြေသြဇာသုံးဆဖြင့် ရောစပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အပင်မှကြာရှည်စုပ်ယူစားသုံးနိုင်သဖြင့် ကျန်းမာသန်စွမ်းသော ကောက်ပင်ရရှိပြီး သီးနှံအထွက်နှုန်း ပိုမိုတိုးတက်ရရှိစေနိုင်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အဆင့် (Rice Export Zone) လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများက(Rice Export Zone) ဆောင်ရွက်သော မိုးစပါး REZ ဖော်ဆောင်သည့် တောင်သူများထံသို့ ဧက (၅၀၀) စီမံကိန်းအတွက် ကနဦး ကုမ္ပဏီမှထောက်ပံ့ရမည့် ကျပ်သိန်း (၅၀၀) နှင့် တောင်သူများ၏ တောင်းဆိုချက်အရ ဖြိုးမောက်ယူရီးယားဓာတ်မြေသြဇာနှင့် ဇာမဏီဆာလဖာပုလဲ မြေသြဇာတို့အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)