ပုသိမ် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာပေဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်သက်သက်ဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများ၊ ဥပဒေချုပ်၏ဇနီး၊ စာရင်းစစ်ချုပ်၊ တိုင်း၊ ခရိုင်၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် ဇနီးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကျောင်းသူလေးများက “မြန်မာမလေးပါ” သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေကာအခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်သက်သက်ဆွေက“ စာပေဟောပြောပွဲမှတဆင့် အမျိုးသမီးငယ်များသည် ဗဟုသုတရရှိစေပြီး ကာယ၊ ဉာဏစွမ်းအားများရရှိကာ အရှက်တရား၊ အကြောက်တရားနှင့် ဆင်ခြင်တုံတရားများကို သိရှိနားလည်ပြီး ဘဝကိုလက်တွေ့ဖြတ်သန်းရာ၌ အကျိုးရှိရှိ အသုံးချ တတ်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်သူနာပြုသင်တန်းကျောင်းမှ ကျောင်းသူလေးများက “ထာဝရ”သီချင်းဖြင့်ကပြဖျော်ဖြေခဲ့ပြီး စာရေးဆရာမကုမုဒြာက “ယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “အလှကမ္ဘာမြေ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ စာရေးဆရာမ ညိမ်မွန်က “သမီးလေးများအတွက် စကားလက်ဆောင်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်သက်သက်ဆွေမှ ဟောပြောခဲ့သောစာရေးဆရာမ (၂) ဦးအား ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း၊ တေးသီချင်းဖြင့် ကပြဖျောဖြေခဲ့ကြသော ကျောင်းသူများအား ဂုဏ်ပြုပန်းခြင်း လက်ဆောင်ကိုလည်းကောင်း ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)