အိမ်မဲမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အကြိုဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ

အိမ်မဲ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံး မှ ယာယီရဲတပ်ဖွဲ့မှူး ငွေမျိုးမြင့်နီ က မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်၊ အိမ်မဲမြို့မရဲစခန်းမှူး ဒုရဲမှူးလေးနိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျခံနိုင်သောပြစ်မှုပြစ်ဒဏ်များ ခေါင်းစဥ်၊ ဒုတိယမြို့နယ်ဥပဒေ အရာရှိ ဒေါ်ဂျူးဟန်နီကမူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများခေါင်းစဥ်များဖြင့် အသီးသီးအကျယ်တဝင့်ဟောပြောခဲ့ကြပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။

ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ များကျင်းပရာ အ-မ-က (ချောင်းဝ) ကျောင်းသား/သူများ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်မူယာစိုး နှင့်  တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ၊ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များကို ပြသပေးပြီး သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။