ဘားအံမြို့နယ်၌ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (ERT)သင်တန်းဖွင့်လှစ်

ဘားအံ ဇွန် ၂၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ဖွင့်လှစ်ဆောင်ရွက်သည့် ရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (ERT) (Emergency Response Team –(ERT) Training ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာရှိ ရွှေဒုံရင်း Football United Center ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို   ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ယခုဖွင့်လှစ်သည့်အရေးပေါ်တုံ့ပြန်ရေးသင်တန်း Emergency  Response Team (ERT) Induction Training သည် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ဝင်များ၏ အသိပညာကျွမ်းကျင်မှုနှင့် လက်တွေ့ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည့် အလွန်အရေးပါသော သင်တန်းတစ်ခုဖြစ်ကြောင်း ဘေးအန္တရာယ်များဖြစ်ပွားချိန်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အချိန်နှင့်တစ်ပြေးညီပေးနိုင်ရေးအတွက် အရည်အသွေးမြင့်မားသည့် ERT အဖွဲ့ဝင်များကို မွေးထုတ်ပေးနိုင်မည်ဟုပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာ ရီရီတင်က ကြိုဆိုနှုတ်ဆက်အမှာစကားပြောကြားသည်။

အဆိုပါအရေးပေါ်တုံ့ပြန်ရေးအဖွဲ့သင်တန်းကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှ ကြက်ခြေနီအသင်းဝင် စုစုပေါင်း(၂၅)ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်း၌ စီမံခန့်ခွဲတုံ့ပြန်ခြင်း၊ ပျက်စီးဆုံးရှုံးမှုနှင့်လိုအပ်ချက်များကို ဆန်းစစ်လေ့လာခြင်း၊ ကာကွယ်စောင့်ရှောက်မှု၊ ကျား/မ တန်းတူညီမျှရေးနှင့် လူတိုင်းပါဝင်နိုင်ရေး၊ ရပ်ရွာလူထုပူးပေါင်းပါဝင်မှုနှင့်တာဝန်ခံမှု စသည့်‌ ခေတ်မီလူသားချင်းစာနာထောက်ထားမှုလုပ်ငန်းခွင်တွင် မရှိမဖြစ်လိုအပ်သော အကြောင်းအရာ ဘာသာရပ်များကို ဇွန် ၂၅ ရက်မှ ၃၀ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်သင်ကြား  ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)